နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာတွင် ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာကျွေးခြင်းနှင့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာကျွေးခြင်းနှင့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့က လေးအိမ်ကျေးရွာတောင်သူ ဦးမောင်ဂျမ်း၏စိုက်ခင်းတွင်ပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ ဓာတ်မြေသြဇာလျော့ချသုံးစွဲနိုင်ရေးအတွက် သစ်စိမ်းမြေသြဇာကျွေးခြင်းလုပ်ငန်းများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာတွင်တက်ရောက်လာကြသည့် ကျေးရွာ(၁၂)အုပ်စုမှ တောင်သူများမှာ ဝါစိုက်ခင်းတွင် မြေဆီလွှာ၏ဂုဏ်သတ္တိကောင်းမွန်စေရန် ထည်သွင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ယင်းသို့စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုလျော့ချနိုင်မည်ဖြစ်ကြောင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာအား မြေနေရာမရွေးစိုက်ပျိုးနိုင်ခြင်း၊ မြေတွင်းအာဟာရဓာတ်ကြွယ်ဝ၍ မြေသြဇာအဖြစ်အသုံးပြုနိုင်ခြင်း၊ သီးနှံအထွက်နှုန်းများတိုးတက်လာစေခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုလျော့နည်း၍ ကုန်ကျစရိတ်သက်သာခြင်းအကျိုးကျေးဇူးများကိုရရှိစေနိုင်ကြောင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာကျွေးခြင်းနှင့် တောင်သူပညာပေးကွင်းသရုပ်ပြခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း