စစ်ကိုင်း ဇူလိုင် ၂၃
စစ်ကိုင်းခရိုင်အမျိုးသမီးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့နံနက် ၁၀ နာရီက စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ စစ်ကိုင်းခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကိုင်းခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းကော်မတီအလိုက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် နေရာဒေသမရွေး၊ အချိန်မရွေးဖြစ်ပေါ်နိုင်သည်ဖြစ်သဖြင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေး လုပ်ငန်းများအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လူကုန်ကူးခံရမှု၊ လူမှောင်ခိုခံရမှုများ မဖြစ်ပေါ်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။
ထို့နောက် စစ်ကိုင်းခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်က ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က ချမှတ်ထားသော မူဝါဒများနှင့်အညီလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးက ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)