ညောင်လေးပင် ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှုများကို လက်လှမ်းမီပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး စသည့်မသန်စွမ်းသူများ၏ အခွင့်အရေးများကိုရရှိစေဖို့အတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းသည် မဖြစ်မနေအကောင်အထည်ဖော်ဆောင် ရွက်သွားရမှာဖြစ်ပြီး မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို ကိုဗစ်-၁၉ ရောဂါ အခြေအနေများအရ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း ကနဦးစီမံကိန်း (၄) မြို့နယ်မှရရှိလာသည့် အတွေ့အကြုံ၊ သင်ခန်းစာနှင့်လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်၍ တစ်နိုင်ငံလုံးရှိ မြို့နယ်များအားလုံးတွင် လွှမ်းခြုံနိုင်ရေးဆက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဒုတိယခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများမှ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းအားဆက်လက်ပို့ချခဲ့သည်။ အဆိုပါသင်တန်းအား ၂၂ ရက်မှ ၂၃ ရက်နေ့အထိ နှစ်ရက်တာပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)