စေတုတ္တရာ ဇူလိုင် ၂၃
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကိုလေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အလှဆုံးပန်းများပွင့်ကြပြီ သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများနှင့် “အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း" Never Stop Learning Talk Show တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခြင်းနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက"ဇာတိမာန်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး၊ ဆုရရှိသူများ၊ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြဘုတ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)