လိပ်သို ဇူလိုင် ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်သောကြောင့် ဥယျာဉ်ခြံသီးနှံပင်များအပြင် နှစ်ရှည်ပင်တစ်မျိုးဖြစ်သော မင်းကွတ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ မင်းကွတ်သီးများ ဆွတ်ခူးရောင်းချချိန်၌ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
မင်းကွတ်သီးမှာ အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေး မျှတစေသော အသီးအဖြစ် စားသုံးသူများ ကြိုက်နှစ်သက်ကြရာ မင်းကွတ်သီး အလုံးအကြီး/အသေးပေါ် မူတည်၍ တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ ဈေးကောင်းရလျက်ရှိသည်။
မင်းကွတ်ပင်များမှာ အပင်နှင့် ရာသီဉတုပေါ် မူတည်၍ နိုဝင်ဘာလမှမတ်လအထိ အပွင့်ပွင့်ပြီး အပွင့်မှာပန်းရောင်ဖြစ်ကာ မေလမှဩဂုတ်လအတွင်း အသီးများရင့်မှည့်ကြောင်း၊ မင်းကွတ်ပင်၏ အခေါက်နှင့် အရွက်နုများကို ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် အသုံးပြုနိုင်ကြောင်း အလယ်ချောင်းကျေးရွာ မင်းကွတ်ပင်စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
နော်ဖလောရင်း