ကံမမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်စာစောင်များပြသ

ကံမ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်စာစောင်များပြသပွဲကို ဇူလိုင် ၂၁ ရက်နေ့ နေ့လည်(၂)နာရီက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကျန်မောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့်က လူငယ်များအနေဖြင့်အသိပညာဗဟုသုတတိုးပွား၍ ဗလငါးတန်ပြည့်စုံစေရန်၊ ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး စာပေဗဟုသုတများတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ကျောင်းစာအပြင် ဗဟုသုတရရှိနိုင်မည့် ပြင်ပစာပေများအား ဖတ်ရှုလေ့လာကြရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပြသထားသည့်အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)