လိပ်သို ဇူလိုင် ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသထွက် နနွင်းခြောက်များကို ကြိတ်ယူ၍ ရရှိလာသော နနွင်းမှုန့်စစ်စစ်များကို ရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိသည်။
ဒေသတွင်း၌ နနွင်းကို စီးပွားဖြစ်စိုက်ပျိုးသူများပြားလျက်ရှိပြီး နနွင်းစိုက်တောင်သူအချို့မှာ နနွင်းကို ဝယ်လက်များထံသို့ အစိမ်းအတိုင်း ရောင်းချကြပြီး အချို့မှာမူ နနွင်းကိုပြုတ်၍ အခြောက်လှန်းပြီး သိုလှောင်ထားရှိကာ နနွင်းမှုန့်များ ကြိတ်ယူပြီး တံဆိပ်ကပ်ရောင်းချကြရာ ဒေသထွက် နနွင်းမှုန့်စစ်စစ် (၂၀) သား တစ်ဘူးလျှင် (၃၀၀၀) ကျပ်နှင့် တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။
ဒေသထွက်နနွင်းမှုန့်များမှာ အရည်အသွေးကောင်းမွန်ခြင်း၊ နနွင်းစစ်စစ်များကိုသာ စိုက်ပျိုးတူးဖော်ပြီး ကြိတ်ယူခြင်းတို့ကြောင့် စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း