ချောက်မြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဂုဏ်ထူးရ ကျောင်းသား/ သူများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်ဂုဏ်ပြုပွဲ ကျင်းပ

ချောက် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အ.ထ.က (၂) ကျောင်း၏ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဂုဏ်ထူးရ ကျောင်းသား/ သူများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်ဂုဏ်ပြုပွဲကို ယမန်‌နေ့နံနက် ၉ နာရီအချိန်က ချောက်မြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ သူလေးများက တို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်တို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး အ.ထ.က (၂) ကျောင်းသားဟောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား/ သူများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၁၀) သိန်းကျပ်ပေးအပ်ခဲ့ရာ ၄င်း၏ကိုယ်စား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်ဝင်းအိမွန်က အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးကြူထံ ပေးအပ်ရာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ထိုနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ ခရိုင်ပညာရေးမှူးဦးမန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နှင့် ဦးဝင်းနိုင်ဦး၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်ဝင်းအိမွန်၊ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်တို့က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဂုဏ်ထူးရ ကျောင်းသား/ သူ (၈) ဦး၊ နိုင်ငံတော်အဆင့်လူရည်ချွန် (၃) ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲ ရိုးရိုးအောင်မြင်သူ (၁၉) ဦးတို့အား ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)