ပွင့်ဖြူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၇၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၇၉၆ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၂၇၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ဖူးစားပြောင်း ၂၇၉၆ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၂၇၈၀ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တောင်သူတွေကိုလဲ ဖူးစားပြောင်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းကောင်းမွန်စေဖို့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးတဲ့အပြင် GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်အောင် နည်းပညာပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖူးစားပြောင်းစိုက်ပျိုးတောင်သူများကို အရည်အသွေးနှင့် အထွက်နှုန်းများ တိုးတက်စေရေး တောင်သူပညာပေးဆွေးနွေးပွဲများနှင့် သင်တန်းများပေးခြင်း၊ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ ဖောငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်ရေးစနစ်ဖြစ်သည့် တမာပိုးသတ်ဆေး အသုံးပြုရေး၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျ သုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိ ကြောင်း သိရသည်။
ဖူးစားပြောင်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် ဖူးစားပြောင်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)