ဖျာပုံမြို့၌ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသဆောင်ရွက်

ဖျာပုံ   ဇူလိုင်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ငလျင်အန္တရာယ်ဖြစ်ပေါ်လာပါက ငလျင်ကြောင့်ဆုံးရှုံးမှုများအား လျှော့ချရန်၊ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ၊ အင်အားပြင်း ငလျင်တစ်ခုဖြစ်ပွားလာပါက ငလျင်မလှုပ်မီ၊ လှုပ်နေစဉ်နှင့် လှုပ်ပြီးသည့်အချိန်များမှာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များမှ သတ်မှတ်နိုင်ရန်နဲ့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အထက (၂)ကျောင်းတွင် ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအား ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့မှအလေးပြုခြင်းနှင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခွင့်တောင်းခံကြပြီး ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားသည်။

ထို့နောက် ဖျာပုံခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သော (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များမှ မြို့နယ်မီးသတ်ဦးစီးမှူးများပါဝင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ငလျင်လှုပ်ခတ်မှုသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင်ရာ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ငလျင်လှုပ်ခတ်မှု ဒဏ်ခံစားရ၍ အချက်ပေးသံကြားရသောအခါ ဘေးလွတ်ရာသို့ ထွက်ပြေးနေပုံနှင့် ငလျင်ငြိမ်၍ ဘေးအန္တရာယ်ကင်းရာစုရပ်သို့ ပြန်လည်ထွက်ခွာနေပုံတို့ကို သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင်ခြင်းနှင့် သရုပ်ပြသကြပြီး သက်ဆိုင်ရာဌာနမှ သတင်းလက်ခံရခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အသုံးပြု၍ လူနာများအား လှေကားအသုံးပြု၍ အောက်သို့ချခြင်း၊ ရှဉ့်ကူးလျှောစောက် အနေအထားဖြင့် ကယ်ဆယ်ရွှေ့ထုတ်ပြီး ဆေးအကာအကွယ်ပေးရေး၊ လူမှုရေးအသင်းအဖွဲ့များမှ လူနာတင်ယာဉ်ဖြင့် နီးစပ်ရာ ဆေးရုံသို့လွှဲပြောင်းပုံ စသော ငလျင်ကြောင့် ဖြစ်ပွားတတ်သော နောက်ဆက်တွဲ အကြောင်းအရာများအား သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင်ခြင်းနှင့် သရုပ်ပြသ ဆောင်ရွက်ကြသည်။

ထို့နောက် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် (၄) မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် မြို့မိမြို့ဖများမှ ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)