လှိုင်းဘွဲမြို့၌ မူးယစ်ဆေးဝါးများနှင့်လူကုန်ကူးမှုအန္တရာယ် ဥပဒေဆိုင်ရာကိစ္စရပ်များအကြောင်း လူငယ်ရေးရာ သိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်းဘွဲ ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့်လူကုန်ကူးမှုအန္တရာယ် ဥပဒေရေးရာ၊တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ဇူလိုင်လ(၂၁)ရက်နေ့က မဲဆမိတ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဝင်းစိန် ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ကရင်ပြည်နယ် ဘားအံမြို့၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့တို့တွင်ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက် သင်ကြားနိုင်သည့် သတ်မှတ်ချက်များနှင့် အခွင့်အလမ်းများ၊ အဆောင်နေကျောင်းသား၊ကျောင်းသူများ၏ စားသောက်စရိတ်ကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးမည့်အကြောင်းများကို ဆွေးနွေးရှင်းပြခဲ့သည်။

ထို့နောက်မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေသည့်လုပ်ငန်းများအကြောင်း၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးအမျိုး အစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)