ဘိုကလေးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲ ကျင်းပ

ဘိုကလေး  ဇူလိုင်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်တို့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေ၏ အခြေခံသဘောတရားများအား သိရှိနားလည်နိုင်စေရေး၊ မိမိတို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြည်သူများအား ပြန်လည်မျှဝေ အသိပညာပေး နိုင်ရေး လေ့လာသင်ယူကြရန် အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ရတနာမျိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ယနေ့ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး  ဘိုကလေးမြို့နယ်အတွင်းမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၈၆)ဦး တက်ရောက်ကြောင်း၊ သင်တန်းနည်းပြအဖြစ် မြို့နယ်ဥပဒေအရာရှိ ဒေါ်ရတနာမျိုးက ဆောင်ရွက် ၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ အပါအဝင် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေစသည့် ဥပဒေများကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် ယနေ့ သင်တန်းဖွင့်ပွဲသို့ ဖျာပုံခရိုင်ဥပဒေအရာရှိ ဦးသန်းစိုးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေအရာရှိများ၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)