လှိုင်းဘွဲ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကြည်ဝင်းနှင့် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးသန်းဦးတို့က ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း ဖွဲ့စည်းခြင်းနှင့် ဝဥစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးပုံ၊ နည်းစနစ် များနှင့် တင်ပို့ရောင်းချမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌက အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအား မဲပေးစနစ်ဖြင့် အသင်းအား ရွေးချယ်၍ ဖွဲ့စည်းပေးခဲ့ရာ အသင်းသား အသင်းသူစုစုပေါင်း (၂၅) ဦးအား သဘာပတိ၏ ဆုံးဖြစ်ချက်ဖြင့် အောင်မြင်စွာဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)