ကသာမြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်များ စုပေါင်းစိုက်ပျိုးပွဲ ပြုလုပ်

ကသာ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မိုးရာသီသစ်ပင်များ ဒုတိယအကြိမ် စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ကသာမြို့ ပတ္တမြားရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးဌာနအနီးတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်အနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက် ရှိပါကြောင်း ၊ မိမိတို့ သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်း ကျင်နှင့် သစ်တောများပျက်စီးပြုန်းတီးမှု မရှိစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝ သစ်တောပတ်ဝန်းကျင်များ ပျက်စီးပြုန်းတီးမှုကို ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုး ပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ သစ်တော သစ်ပင်များကို ချစ်မြတ်နိုးသူများအနေဖြင့် သစ်ပင်များကို စိုက်ပျိုးလိုပါက မိမိတို့ သစ်တောဦးစီးဌာနနှင့် ဆက်သွယ်၍ သစ်ပင်ပျိုးပင်များကို လာရောက်ယူငင် စိုက်ပျိုးနိုင်ပါကြောင်း ခရိုင်သစ်တော ဦးစီးဌာနမှ တာဝန်ခံတောအုပ်ကြီး ဦးဘိုသိန်းက ပြောပြခဲ့သည်။

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးထင်‌ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက မြို့နယ်သစ်တောဦးစီးဌာနက‌ ပေးအပ်‌သော ကျွန်းပင်(၁၀၀)ပင်၊ ကံ့ကော်(၂၂၉)ပင်၊ ခရေ(၂၇၇)ပင်၊ ပျဉ်းကတိုး(၇၀၀)ပင်၊ မဟော်ဂနီ(၃၀၈)ပင် စုစုပေါင်း သစ်ပင်ပျိုးပင် (၂၀၀၀) ပင်တို့အား စုပေါင်း စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)