တောင်တွင်းကြီး ဇူလိုင် ၂၂
ရက်၁၀၀ စီမံချက်ဖြင့် Quick Win ကျောင်းအခြေပြု (School based) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ကုက္ကိုခွကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်က မီးဘေးလုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှု အခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှု ဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး မီးသတ်ဦးစီးဌာန၏ သတ်မှတ်ထားသည့် ဝတ်စုံအမျိုးအစား(၄)မျိုးအကြောင်းနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကျောင်းသား၊ ကျောင်းသူများ စိုးရိမ်ထိတ်လန့်မှုကင်းစွာ ကြိုတင်မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူး အသုံးပြုမှု အခြေခံနည်းလမ်းများအား လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)