ကန့်ဘလူ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၀) စက်မှုလယ်ယာစခန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၌၍ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် ပေါ်ဆန်းရင်(ဘေးကြား)စပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု အင်ဖက်တောကျေးရွာ ကွင်းအမှတ်(၅၉၁)၊ ဦးပိုင် အမှတ်(၆၂) တောင်သူ ဦးဟန်ဝင်းဘို၏ လယ်မြေ ခြောက်ဧကအတွင်း ကျင်းပသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ထွန်းက မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲခင်းထက်မျိုးစေ့ နှုန်းထားလျှော့ချနိုင်ခြင်း၊ ပျိုးနှုတ်ရန်မလိုခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိခြင်း၊ အလုပ်သမားရှားပါးမှုအခက်အခဲကိုပြေလည်စေခြင်း၊ လုပ်အားသက်သာခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့်အထွက်နှုန်း သိသာစွာကွဲပြားခြားနားမှုမရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်းနှင့် မျိုးစေ့ချကိရိယာ အသုံးပြုနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် လက်တွေ့သရုပ်ပြကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ အင်ဖက်တောကျေးရွာမှ ဒေသခံ တောင်သူများနှင့်အနီးအနားပတ်ဝန်းကျင်ရှိ စိန်ပါဝင်စားသူတောင်သူများက လေ့လာကြည့်ရှုကြပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ထွန်းက တောင်သူများအား စပါးမျိုးစေ့ချကိရိယာ တစ်လက်ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)