ချောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ

ချောက်   ဇူလိုင်   ၂၂

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယမန့်‌နေ့နံနက် ၁၀ နာရီက ချောက် မြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ချောက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နှင့် ဦးဝင်းနိုင်ဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာမိခင်နှင့် က‌လေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ချောက်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်က အမှာစကားပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က စာဖတ်ရှိန်မြှင့်တင်ရေးကျင်းပမှုအား ရှင်လင်း‌‌ပြောကြားသည်။

ဆက်လက်၍ “အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း” Never Stop Learning Talk Show အစီအစဉ်အား ကျင်းပရာ စာရေးဆရာဖေမြင့်  ရေးသားသည့် “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း”စာအုပ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုချိုဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသူ(၄)ဦး တို့က “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြီး ကျပန်းစကား ပြော(အထက်တန်း)အဆင့် ပြိုင်ပွဲပထမဆု ရရှိသည်အ.ထ.က(၄)ကျောင်းမှ ကျောင်းသူတစ်ဦးက ပြန်လည်သရုပ်ပြရွတ်ဆိုခဲ့သည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ထည့်သွင်းကျင်းပသော အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် “အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း” Never Stop Learning Talk Show တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်း‌‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ၊ စာ‌ရေးဆရာမောင်ငြိမ်းအေး (မြစ်ခြေ) တို့က ဂုဏ်ပြုဆုများနှင့် အမှတ်တရစာအုပ်လက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခြင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးသော အ.ထ.က(၃) ကျောင်းစာကြည့်တိုက်အတွက် စာအုပ်/စာစောင်များပေးအပ်လှူဒါန်းခြင်းကို ကျောင်းအုပ်ဆရာမကြီးဒေါ်အေးမြင့်သန်းက လက်ခံရယူခဲ့သည်။

ထို့နောက် အ.ထ.က (၃)ကျောင်းကျောင်းသား၊ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြမည်” သီချင်းဖြင့် သီဆိုဖျော်‌ဖြေ ပေး၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် လှပသာယာ ပြည်မြန်မာရောင်စုံ ဓာတ်ပုံပြဘုတ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)