ဟားခါး ဇူလိုင် ၂၂
အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်၏ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများအပေါ် ထွက်ရှိလာရေးသည် အခြေခံကျသောအချက်ဖြစ်ကြောင်း ၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာရေးသည် ပြည်သူလူထုကို အသက်မွေးဝမ်းကျောင်းနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးပြီး လုပ်ငန်းထူထောင်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးများရရှိရေးနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း ၊ သို့မှသာ ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာနိုင် မည်ဖြစ်ကြောင်း ၊ ယနေ့ သင်တန်းဆင်းပွဲပြုလုပ်သည့် စက်ချုပ်နည်းပညာသင်တန်းမှ အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်း ၊ တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေရှာဖွေခြင်းနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဟု ယူဆပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် စက်ချုပ်နည်းသင်တန်းတွင် ထူးချွန်သင်တန်းသူ ( ၅ ) ဦးကို ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်က လုပ်ငန်းသုံးစက်ပစ္စည်းများအား လည်းကောင်း ၊ သင်တန်းဆင်း လက်မှတ်များကို ပြည်နယ်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပြည်နယ်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနက ခင်းကျင်းပြသထားသည့် စက်ပစ္စည်းများနှင့် သင်တန်းသူများ ချုပ်လုပ်ထားသည့် အထည်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
( ခရိုင်ပြန်/ဆက် )