ကယားပြည်နယ်ဝန်ကြီးချုပ် ရွာတန်းရှည်ဓာတ်အားခွဲရုံပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ အခြေခံပညာ ကျောင်းများ၌ အာဟာရဖြည့်စွက်စာများကျွေးမွေးမှု ကြည့်ရှုအားပေး

လွိုင်ကော် ဇူလိုင် ၂၂

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက် နေထိုင်သည့် ပြည်သူများအား စနစ်တကျပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများ လိုက်ပါလျက် ရွာတန်းရှည် ဓာတ်အားခွဲရုံ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ရွာတန်းရှည် ရပ်ကွက်သို့ ရောက်ရှိပြီး အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ၃၃/၁၁ KV ၁၀ MVA ရွာတန်းရှည်ဓာတ်အားခွဲရုံအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု၊ ပြီးစီးမှုနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများ၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့များအထိ ဓာတ်အားဖြန့်ဖြူးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် ဓာတ်အားခွဲရုံ စက်ထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်များအား စနစ်တကျ ထိန်းသိမ်းရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါနိုးကူးရပ်ကွက်သို့ ရောက်ရှိပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရွှေသွယ်လေးလမ်း ၉၂၀ ပေ၊ ၁၂ ပေ ကတ္တရာ ထပ်ပိုးလွှာခင်း ခြင်းနှင့် မနော်ဟရီလမ်း ၈၉၇ ပေ၊ ၁၂ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ လမ်းပုခုံးနှင့် ရေနုတ်မြောင်းများ စနစ်တကျ ထည့်သွင်းဆောက်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များသည် အခြေခံပညာ မူလတန်းလွန်ကျောင်း(မင်္ဂလာ)နှင့် အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းများသို့ သွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် KG တန်းမှ Grade – 5 အထိ ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့်စွက်စာ နွားနို့နှင့် ငှက်ပျောသီးများ ကျွေးမွေးခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းပြင်ပပညာရေးစခန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)