ကျွန်းလှ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၈၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ အစေ့ထုတ်ပြောင်းသီးနှံကို မေလက စတင်စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ အစေ့ထုတ်ပြောင်း စိုက်ပျိုးဖို့ ၁၈၉၃၈ ဧကလျာထားတဲ့အနက် ၈၀၆၅ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ လျာထားချက်ပြည့်မီဖို့ ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဖောငမြောင်တောင်ပိုး ကျရောက်မှုကာကွယ်ရေး၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ် ဖြစ်သည့် သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံကို တောင်သူတွေ သီးသန့်စိုက်ပျိုးကြသလို သီးညှပ်လည်းစိုက်ပျိုးကြကြောင်း၊ အစေ့ထုတ်ပြောင်းသီးနှံသည် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရရှိကြောင်း၊ ပြောင်းရိုးကို ကျွဲ၊ နွားစာအဖြစ် အသုံးပြုရသည့်အတွက် တိုးချဲ့ စိုက်ပျိုးကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)