မုံရွာ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် “ဝါးလက်မှုသင်တန်း”ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ နာဂစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင် တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် ရေမြေသဘာဝအရ ဖြစ်ထွန်းပေါက်ရောက်သည့် ဝါးပင်အမျိုးမျိုးမှ ဝါးအခြေခံလက်မှုပစ္စည်းများ ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖြစ်ပြီး နိုင်ငံတော်၏မူဝါဒဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ရေးအတွက် အခြေခံနည်းလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နာဂဒေသပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်းပညာတက်မြောက်ပြီး မိသာစုဝင်ငွေ တိုးပွားရေးတို့အတွက် ဒေသတွင်းမှထွက်ရှိသည့် ဝါးကုန်ကြမ်းများမှ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သို့ ဖြန့်ချီနိုင်ရေးအပြင် အိမ်နီးချင်းနိုင်ငံများအထိ ကုန်စည်ဖလှယ် တင်သွင်းပို့ဆောင်နိုင်အောင် အရည်အသွေးလှပသေသပ်ပြီး ဒီဇိုင်းဆန်းသစ်မှုတို့အထိ တည့်သွင်းစဉ်းစားပြီး အသေးစိတ်တိတိ ကျကျ သင်ယူဖန်တီးထုတ်လုပ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဦးလှထွန်းက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား ၂ ဦးထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းတွင်အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ် တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် “ဝါးလက်မှုသင်တန်း”အား ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း သား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ကြီးမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများ၊ အုပ်ချုပ်၊ စီမံဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းဝန်း အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊ ထမင်းစားဆောင်များနှင့် စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ အရံသားဖွားသင်တန်းတက်ရောက်နေကြသည့် လဟယ်မြို့နယ်အတွင်း ရှိကျေးရွာ များမှ ဒေသခံတိုင်းရင်းသူ(၂၂)ဦးအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ထောက်ပံ့ငွေများ ပေးအပ် ကာ ဆေးရုံအတွင်းရှိ ဓါတ်မှန်ဆောင်နှင့် OPT အဆောင်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အဆိုပါဆေးရုံသို့ ဆေးကုသမှု ခံယူနေကြသည့် ဒေသခံတိုင်းရင်းသားများအား အားပေးစကားများ လိုက်လံပြောကြားခဲ့ပြီး အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့ရှိ MSME လုပ်ငန်းများဖြစ်သည့် “သပိသ” နာဂရိုးရာအဝတ်အထည်ဆိုင်နှင့် “မီမော်ရီ” နာဂရိုးရာအဝတ် အထည်ဆိုင်များသို့ ရောက်ရှိရာ ဆိုင်တာဝန်ခံများမှ နာဂရိုးရာအဝတ်အထည်များ၊ အသုံးဆောင်ပစ္စည်များ ဂျပ်ခုတ်နေမှုများနှင့် ချုပ်လုပ်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂရိုးရာအဝတ်အထည်များနှင့် အသုံးဆောင်ပစ္စည်းများအား အသွန်သဏ္ဍန် ဆန်းသစ်စွာဖြင့် ထုတ်လုပ်သွားရေး၊ အရည်အသွေးပြည့်မီသည့် ချည်သားများအား အသုံးပြုသွား ရေးတို့အား တာဝန်ရှိသူများ မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)