ထားဝယ် ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့်အငြိမ်းစားလစာငွေများ လာရောက်ထုတ်ယူသူများကို ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်များက ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးသည့်နေရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆရာဝန်များ (သမားတော်/ မျက်စိအထူးကုနှင့် သွားအထူးကု) ၊ (Integrated Services)ဖြင့် ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ပင်စင်လာရောက် ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးဆေးစစ်ကုသပေးပြီး လိုအပ်သောဆေးဝါးများကို အခမဲ့ပေးအပ်သည်။
ထို့အတူ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကုန်သည်များအသင်းက ဆီများကိုသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိသည်။
မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော် လည်ကောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက် ထုတ်ယူနိုင်ကြောင်း၊ အငြိမ်းစား လစာငွေများ လာရောက်ထုတ်ယူသူများအား မြန်မာ့စီးပွားဘဏ် ဝန်ထမ်းများက အဆင်ပြေ ချောမွေ့စွာ ထုတ်ယူနိုင်ရေးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)