အုတ်တွင်း ဇူလိုင် ၂၁
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Rice Export Zone စီမံချက်အား MMKH Company နှင့် Wing Dragon Myanmar Company တို့ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား စိုက်ပျိုးရေးစရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကြယ်နီဆန်စက်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်ငူခရိုင်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Rice Export Zone လုပ်ငန်းကြီး ကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးသန်းကိုက စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦး အောင်ရဲဇော်က Rice Export Zone ဆောင် ရွက်ရာတွင် Exporter နှင့် တောင်သူများကြားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပြီး MMKH Co.ltd လုပ်ငန်းရှင် ဦးသူလွင်ထွန်းနှင့် Wing Dragon Myanmar Co.ltd လုပ်ငန်းရှင် ဦးယောနသန်တို့က Rice Export Zone အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား စိုက်ပျိုးစရိတ်များကို တာဝန်ရှိသူအသီးသီးက ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါစိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်အဆင့် Rice Export Zone လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ MMkH Co.ltd လုပ်ငန်းရှင်များ၊ Wing Dragon Myanmar Co.ltd လုပ်ငန်းရှင်များနှင့် တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)