ရွှေကျင် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရွှေကျင်မြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုပြီး ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူ(၃၈)ဦးတို့အား ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပညာသင်ထောက်ပံ့ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရှမ်းကြေးရပ်ကွက်၊ ဆေးရုံဟောင်းလမ်းရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ-ထ-က(ရွှေကျင်) ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေပေးသည်။ ထို့နောက် စစ်ဗျူဟာအဖွဲ့ (အခြေချ)ရွှေကျင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းထွဋ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇေယျာဟိန်း၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦးတို့က ဂုဏ်ပြုချီးမြှင့်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေကျင်မြို့နယ်အတွင်း အောင်မြင်ခဲ့သည့် (၆) ဘာသာဂုဏ်ထူးရှင်(၂) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၅) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင်(၆) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၂၂) ဦး၊ စုစုပေါင်း (၃၈)ဦးတို့အား ဂုဏ်ထူး (၁) ဘာသာလျှင် (၃၀၀၀၀၀) ကျပ်နှုန်းနှင့်(၆) ဘာသာဂုဏ်ထူးရှင် မောင်ရှင်းခန့်ကိုနှင့်မယုဝေလှိုင်တို့အား ထပ်မံ ထောက်ပံ့ငွေ (၂၁၀၀၀၀၀၀) ကျပ်၊ စုစုပေါင်း ကျပ်သိန်း (၅၆၆၉၉၂၀၀) ကျပ်အား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းထွဋ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာဟိန်း၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦးနှင့်တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းနှင့် ပညာသင် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးနှင့် ဒုမြို့နယ်ပညာရေးမှူး၊ မြို့နယ်အတွင်းရှိ ကျောင်းဆရာကြီး/ဆရာမကြီးများ၊ မြို့မိ/မြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)