ကြို့ပင်ကောက်မြို့နယ်တွင် အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ဒေသခံပြည်သူ (၁၀၀) ကျော်တို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့

ကြို့ပင်ကောက် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံတွင် သာယာဝတီခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့သည်။

ကွင်းဆင်းဆေးကုမှုအစီအစဉ်ဖြင့်သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုလှိုင်ထွေးနှင့် အထူးကုဆရာဝန်ကြီးများ အဖွဲ့သည်  အထွေထွေရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါနှင့် ခွဲစိတ်အထူးကု၊ ဓါတ်မှန်၊ ဒုတိယသူနာပြုအုပ်နှင့် အဖွဲ့တို့သည့်အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသခဲ့ကြသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူ စုစုပေါင်း (၁၄၁)ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြကြောင်း သိရသည်။

ဆေးကုသမှုများအဆင်ပြေစေရေးအတွက်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်‌ဇော်မင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကုသရေးဌာနမှူး ဒေါက်တာထွန်းထွန်းစိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)