မော်လိုက်မြို့၌ အမျိုးသမီးများဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်သည့် (ပထမအကြိမ်) စက်ချုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မော်လိုက် ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်သည့် (ပထမအကြိမ်) စက်ချုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား ဇူလိုင်လ (၂၁) ရက်နေ့နံနက် (၁၀) နာရီအချိန်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့‌နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် ကုန်‌ချောပစ္စည်းများကို သင်တန်းသူများကို ပေးအပ်ခဲ့ကြပြီး သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို (၂၂-၆-၂၀၂၆) ရက်နေ့မှ (၂၁-၇-၂၀၂၆) ရက်နေ့အထိ သင်တန်းသူ (၁၂) ဦးတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့‌ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)