ဒီးမော့ဆို ဇန်နဝါရီ ၂၅
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာအုပ်စု (၄)မိုင်က ဖုကျေးရွာတွင် ယနေ့ နံနက် ၁ နာရီခန့်က မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒီးမော့ဆိုမြို့နယ် မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၃ စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ ရက်က နောင်ပုလဲကျေးရွာအုပ်စု၊ (၄)မိုင်ကဖုကျေးရွာနေထိုင်သူသည် ညနေပိုင်း ထမင်း/ဟင်းချက်ပြုတ်ပြီး မီးငြှိမ်းသတ် ခြင်းမရှိဘဲ ည(၇)နာရီခန့်တွင် အိပ်ပျော်သွားပြီး အဆိုပါ မီးကြွင်း မီးကျန်မှတစ်ဆင့် အလျား ၁၀ ပေ၊ အနံ ၁၀ ပေ ရှိ မီးဖိုချောင်ကို မီးစတင် လောင်ကျွမ်းခဲ့ကာ ထိုမှတစ်ဆင့် အလျား ၂၄ ပေ၊ အနံ ၁၈ ပေ ရှိ ပျဉ်ထောင်၊ သွပ်မိုးထားသော နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ထောင်စုတစ်စုရှိ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၄ ဦး မီးဘေးသင့်ခဲ့ပြီး မီးကိုပေါ့ဆစွာ အသုံးပြုခဲ့သူအား ဒီးမော့ဆိုမြို့ရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)