ပဲခူး ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၄) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တာဝန်ရှိသူများသည် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးကုသပေးနေမှု၊ လိုအပ်သောဆေးဝါးများ ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများက ပူးပေါင်းပါဝင်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေမှု၊ ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များကို အခမဲ့တိုက်ကျွေးနေမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။ ထို့ပြင် လစဉ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သောဆေးဝါးများ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးနောက် ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်နေထိုင်နိုင်စေရေး ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်မှ ပြည်သူ့ဆေးရုံများ၌ လစဉ်ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး တစ်လစာထောက်ပံ့ပေးခြင်း၊ လိုအပ်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အခြေခံစားသုံးကုန်ပစ္စည်းများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)