ဂန့်ဂေါ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ မွေးရာပါချို့ယွင်းချက်ရှိသည့် နှုတ်ခမ်းကွဲနှင့်အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ်နှင့် မိသားစုအားထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ်ဒေါက်တာဝင်းထိုက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဂန့်ဂေါခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အာဟာရမုန့်ထုပ်များ၊ ရေသန့်ဗူးများနှင့်ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အာဟာရမုန့်ထုပ်များ၊ ရေသန့်ဗူးများနှင့် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ်ဒေါက်တာဝင်းထိုက်မှ ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းနှင့်ဝန်ထမ်းများမှ ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်တို့ကို တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ရာ နှုတ်ခမ်းကွဲနှင့်အာခေါင်ကွဲဝေဒနာရှင် ကလေးငယ်နှင့်မိခင်တို့ကလက်ခံရယူခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ဝေဒနာရှင်ကလေးငယ်နှင့်မိသားစုအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
အဆိုပါ နှုတ်ခမ်းကွဲနှင့်အာခေါင်ကွဲဝေဒနာရှင် ကလေးငယ်သည် ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာနေ (အဖ) ဦးဌေးမောင်အေး (အမိ) ဒေါ်တင်ဇာဝင်းတို့၏ (သား) မောင်ထက်မြက်သူ အသက်(၃နှစ် ၃လ)ဖြစ်ပြီး မွေးရာပါချို့ယွင်းချက်ရှိသည့် နှုတ်ခမ်းကွဲနှင့်အာခေါင်ကွဲဝေဒနာရှင်ဖြစ်သည့်အတွက် ဂန့်ဂေါမြို့မှ မကွေးမြို့သို့သွားရောက်၍ ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)