သဲကုန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၆၆၈) ဦးအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

သဲကုန်း ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ လာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက် (၇) နာရီမှစ၍ ရပ်ကွက် (၁) အောင်ဆန်းစာကြည့်တိုက်၌ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် Aung Zabu Mahar Co., Ltd၊ Wilmar Myanmar Edible Oils L.td တို့ပူးပေါင်း၍ တာဝန်ရှိသူများမှ စားသုံးဆီ (၁) ပိဿာ (၈၀၀၀) ကျပ်နှုန်းဖြင့် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် (၁) ပိဿာ (၅၀) ကျပ်သားနှုန်းဖြင့် ဇူလိုင်လ (၂၁) ရက်မှ (၂၄) ရက်အထိ ရောင်းချပေးသွားမည်ဖြစ်သည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခက်အခဲမရှိစေရေးနှင့် စားသုံးဆီများဝယ်ယူရာတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်၍ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိရာ မြို့ပြပင်စင် (၁၁၁၇) ဦး၊ ကာကွယ်ရေးပင်စင် (၄၂၄) ဦး၊ နိုင်ငံရေးပင်စင် (၁၀၇) ဦးနှင့် မြန်မာ့စီးပွားရေးဘဏ်အငြိမ်းစားပင်စင် (၁၉) ဦး စုစုပေါင်း (၁၆၆၈) ဦး ပင်စင်လာရောက်ထုတ်ယူမည်ဖြစ်ကြောင်း သဲကုန်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

ကိုကျော် (သဲကုန်း)