မုံရွာ ဇန်နဝါရီ ၂၅
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မိုးရာသီ၌ အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော မြို့နယ် (၁၀)မြို့နယ် တွင် သစ်တောများပြန်လည် စိမ်းလန်းစေရေး ပျိုးပင် (၂၅၀၀၀)ဖြင့် တစ်အုပ်တစ်မ စိုက်ခင်းများ တည်ထောင်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။
အပူပိုင်းဒေသအတွင်း သစ်တောများတည်ထောင်စိုက်ပျိုးခြင်း သစ်တော်များ ပြန်လည် စိမ်းလန်းစေရေး၊ ဒေသတွင်းရှိ အပူရှိန်ကို လျော့ချနိုင် စေရန်နှင့် ပြည်သူများ အနေဖြင့် သစ်တောသစ်ပင်များကို ချစ်မြတ်နိုးတတ်စေရန်အတွက် သဘာဝတောဧရိယာအတွင်း သစ်ပင်ပေါက်ရောက်မှု နည်းပါသည့် နေရာများတွင် တစ်အုပ်တစ်မ စိုက်ခြင်းများကို တည်ထောင်စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
“တစ်အုပ်တစ်မစိုက်ခင်းမှာ စိုက်ပျိုးပေးမဲ့ပျိုးပင်တွေက အမြင့်ပေ အနည်းဆုံး (၁၈) လက်မကနေ အမြင့်ဆုံး (၃) ပေအထိရှိတဲ့ ပျိုးပင်တွေကို စိုက်ပျိုးပေးသွားမှာဖြစ်ပါတယ်၊ အခုဘဏ္ဍာရေးနှစ်မှာလည်း မြို့နယ် (၁၀)မြို့နယ်မှာ စိုက်ပျိုးပေးသွားမှာဖြစ်ပါတယ်၊ အခုသစ်ပင်ကျင်း တူးတာ၊ မြေဆွေးရှာဖွေ စုဆောင်းတာတွေ၊ ပျိုးပင်တွေစုဆောင်းတာတွေ လုပ်နေပါပြီ မိုးဦးကျတာနဲ့ စိုက်ပျိုးနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် တစ်အုပ်တစ်မစိုက်ခင်းများကို စစ်ကိုင်းတိုင်း ဒေသကြီးရှိ အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်အတွင်း ပျိုးပင်(၁၃၅၀၀)ပင်အားလည်းကောင်း၊ မုံရွာခရိုင် အတွင်းရှိ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ်တို့တွင် ပျိုးပင် (၅၅၀၀) ပင်အား လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်နှင့်ဒီပဲယင်း မြို့နယ်အတွင်း ပျိုးပင် (၃၀၀၀) ကို လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်နှင့် ပုလဲမြို့နယ်များတွင် ပျိုးပင် (၃၀၀၀) ပင်အား လည်းကောင်း စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)