ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံအတွက် ပြည်သူလူထုများ၏လှူဒါန်းငွေဖြင့် အရန် ဓါတ်အား ပေးစနစ် (Solar System) ပေးအပ်လှူဒါန်း

ကျောက်ကြီး ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မြို့နယ် ပြည်သူ့ဆေးရုံအတွင်းရှိ ကုသရေးအဆောင်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်မှုဖြင့် ပြည်သူ့ဆေးရုံအတွက် ပြည်သူလူထုများ၏လှူဒါန်းငွေဖြင့် အရန်ဓါတ်အားပေးစနစ် (Solar System) ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနား ပထမပိုင်းအစီအစဉ်အနေဖြင့် အရန်ဓါတ်အားပေးစနစ် (Solar System)ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းက ဖွင့်လှစ်ပေးခြင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် အရန်ဓါတ်အားပေးစနစ် (Solar System) ဝယ်ယူမှုတွင် ပါဝင်လှူဒါန်းပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းက ကျောက်ကြီးမြို့နယ်သူ/ မြို့နယ်သားများဟာ စည်းလုံးမှုနှင့် မြို့နယ်အတွက် လိုအပ်လာရင် လှူဒါန်းမှုတွေမှာ မိမိအနေဖြင့်ထင်မှတ်မထားကြောင်း၊ ယခုလို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်ဌာနဆိုင်ရာများ၏ ကူညီပံ့ပိုးမှု၊ မြို့နယ် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုတွေကြောင့်  (၂၀၂၃)ခုနှစ်နောက်ပိုင်း နယ်မြေဒေသ အခြေအနေအရ လျှပ်စစ်မီးမရရှိခဲ့သည့် မြို့နယ် ပြည်သူ့ဆေးရုံအတွက် အလိုအပ်ဆုံးဖြစ်သော အရန်ဓါတ်အားပေးစနစ် (Solar System) အား တပ်ဆင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဦးဆန်နီက ရသုံးငွေစာရင်း ရှင်းတမ်းအား ဖတ်ကြားရှင်းလင်းပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများက လှူဒါန်းမှုများအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများအား အလှူရှင်များထံသို့ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က ကျောက်ကြီးမြို့နယ်အတွက် ဆရာဝန်တစ်ယောက်မရှိရင် ခက်ခဲနိုင်ပြီး၊ မိမိအနေဖြင့်လဲ လူအသက်ကယ် ကျန်းမာရေး အထောက်အကူပြု ဆေးပစ္စည်းများမှာ လျှပ်စစ်ဓါတ်အားပေးစနစ် အအေးခန်း( ရေခဲသေတ္တာ)၊ လူ့အသက်ကယ်ရာတွင် အဓိကဖြစ်သည့် ခွဲစိတ်ခန်းတို့မှာဆိုရင် လျှပ်စစ်မီးမရှိရင် ဘာမှလုပ်ဆောင်၍ ရမည်မဟုတ်ကြောင်း မိမိမှာ အတွေ့အကြုံများစွာရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံးပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်းပြောကြားပြီး၊ မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးစားဆောင်ရွက်မှု၊ တပ်နယ်မှူးနှင့် နယ်မြေခံတပ်ရင်းများ၏ ကူညီစောင့်ရှောက်မှု၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၏ ဦးဆောင်မှု၊ ဒေသခံပြည်သူများ၏ သဒ္ဓါတရား ထက်သန်မှုနှင့် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး အရန်ဓါတ်အားပေးစနစ် (Solar System)ဖြင့် မီးလင်းခဲ့ပြီးဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အရန်ဓါတ်အားပေးစနစ် (Solar System) ရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့သူများအား အထူးပင် ကျေးဇူး တင်ရှိကြောင်း ပြောကြားပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်