မြဝတီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မြဝတီ      ဇူလိုင်   ၂၁

ကရင်ပြည်နယ် မြဝတီမြို့ရှိ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် အခြေခံပညာဦးစီးဌာန နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီက မြဝတီမြို့အမှတ် (၂)ရပ်ကွက်ရှိအမှတ် (၂)အခြေခံ ပညာအလယ်တန်း​​ကျောင်းတွင်လည်းကောင်း မွန်းလွဲ ၁ နာရီက အမှတ်(၅)ရပ်ကွက်ရှိအခြေခံပညာမူလတန်း(လွန်)ကျောင်းတွင်လည်းကောင်း လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှနှင့် အခြေခံပညာမူလတန်း(လွန်)၏ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဌေးတို့က  အမှာစကားများ ပြောကြားသည်။

ထို့နောက်  ​ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် လိုက်နာကျင့်သုံးရမည့် အချက်များ၊ စာပေဖတ်ရှုရမည့် အလေ့အကျင့်များကို ပျိုးထောင်ရမည့်နည်လမ်းများ၊ စာပေ ဗဟုသုတများမှရရှိသည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလင်းထက်အောင်က ကျောင်းသားလူငယ်များကို  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ပိုမီမင်းစိုးက လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေးတွင်ပါဝင်သည့် ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနည်းတစ်မျိုးမျိုး  လိုက်စားရမည့်အချက်များ၊ အားကစား အမျိုးအစားများအား ကစားပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို လည်းကောင်း ဟောပြောကြသည်။

ဆက်လက်ပြီးတာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့်  အသိပညာပေး နံရံကပ်၊စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)