ကော့သောင်း ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့ ဇာဒက်ကြီးကျေးရွာသို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းပေါ်တွင် ရေဆင်းဆိပ်ခံတံတား ပေ (၃၀၀၀) တည်ဆောက်ခြင်းလုပ်ငန်းဆောက်ရွက်မှုအခြေအနေများကြည့်ရှု၍ လုပ်ငန်းတင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် အထကဇာဒက်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြား၍ အခက်အခဲနှင့်လိုအပ်ချက်များ မေးမြန်းကာ ချီးမြှင့်ငွေပေးအပ်သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဇာဒက်ကြီး ကျောင်းတိုက်ဆရာတော်ကြီးထံ သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထု၊ ပစ္စည်းများဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားသည်။ ယင်းနောက် ဆလုံ(မော်ကဲန်)တိုင်းရင်းသား သက်ကြီးဘိုးဘွားများ၊ တာဝန်ရှိသူများအား စားသောက်ဖွယ်ပစ္စည်းများ၊ ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ဇာဒက်ကြီးကျေးရွာ၊ အဏ္ဏဝါပြခန်းဆောင်တွင် ပြသထားရှိသည့်ဆလုံတိုင်းရင်းသားလူမျိုးများ၏ ရိုးရာနေထိုင်မှုဓလေ့ ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများ၊ ခရုအမျိုးမျိုးနှင့် ရေထွက်ပစ္စည်း၊ အလှဆင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)