ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်မှ ယခုနှစ်တွင် နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာပေးဝေနိုင်မည်

ဒီးမော့ဆို ဇန်နဝါရီ ၂၅

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၏ ရေအရင်းအမြစ်တစ်ခုဖြစ်သည့် နန်းစံဖူး သဘာဝ ရေထွက်ပေါက်မှ ရေထွက်နှုန်း ကျဆင်းလျက်ရှိသည့်အပြင် မိုးရာသီကာလ၌ မိုးရွာသွန်းမှု နည်းပါးသည့် အတွက် ယခုနှစ်တွင် ငွေတောင် ဆည်ရေသောက် နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာ ပေးဝေ နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အရင်နှစ်က ငွေတောင်ဆည်မှ နွေစပါးစိုက်ဧက ၁၄၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေ နိုင်ခဲ့ပါတယ်၊  ဒီနှစ် တော့ နန်းစံဖူး သဘာဝ ရေထွက်ပေါက်မှ ရေထွက်နှုန်း ကျဆင်းသည့်အပြင် မိုးရာသီကာလမှာ မိုးရွာသွန်းမှု နည်းတဲ့အတွက် ရေသိုလှောင်နိုင်တဲ့ ရေပမာဏာ နည်းသွားတယ်၊ ဒါကြောင့် ဒီနှစ်မှာတော့ နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာ ပေးဝေနိုင်မှာ ဖြစ်ပါတယ်” ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှသိန်းက ပြောသည်။

ငွေတောင်ဆည်အတွင်း ရေသိုလှောင်နိုင်မှု ပမာဏာသည် နှစ် ၂၀ အတွင်း အနည်းဆုံး ရေအမှတ်သို့ ရောက်ရှိနေပြီး ငွေတောင် ဆည်မှ ရေကို စိုက်ပျိုးရေးအတွက်သာမက ဒီးမော့ဆို မြို့နေ ပြည်သူများအတွက် သောက်သုံးရေ တစ်လလျှင် ရေဂါလံ ၁၂ သိန်းကျော် ပုံမှန်ဖြန့်ဝေ ပေးလျက်ရှိကြောင်း၊ နွေစပါးစိုက်ပျိုးမည့် လယ်မြေများသို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဆည်ရေ ပေးဝေ သွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဦးလှသိန်းက ဆက်လက်ပြော ကြားသည်။

ငွေတောင်ဆည်သည် လယ်မြေဧက ၆၀၀၀ ကျော် ရေပေးဝေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၆၅ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ မြေသားတမံ အမျိုးအစား ဖြစ်ကာ တမံအလျား ၆၀၀၀ ပေ၊ တမံ အမြင့် ၃၅ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏဧကပေ ၈၉၂၀၊ ကန်ရေသေရေလှောင် ပမာဏ ဧကပေ ၁၇၀၀ နှင့် ကန်ရေပြည့် ရေပြင်ကျယ် ဧရိယာ ၆၂၀ ဧကရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အနေဖြင့် ယခင်နှစ်က နွေစပါးစိုက်ဧက ၃၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသည့် အတွက် ဆည်၊ ကန်၊ ချောင်း၊ မြောင်းများတွင် ရေနည်းပါး သည့်အတွက် နွေစပါး စိုက်ဧက ၈၀၀ ခန့်သာ စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း သိရ သည်။

ရီရယ်(ဒီးမော့ဆို)