ဆိပ်ဖြူ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းများအား တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေးရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီ ဆိပ်ဖြူ (အ.ထ.က)နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါလုပ်ငန်းကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအပါအဝင် ဘက်စုံပညာရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရက ကျောင်းသား/ကျောင်းသူများအတွက် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းများကိုဖွင့်လှစ်ပေးပြီး တက်ရောက်သင်းကြားနိုင်စေရန် အသိပညာပေးရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သည်။
အဆိုပါအခမ်းအနားကို မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနတို့က ဆိပ်ဖြူ(အ.ထ.က)မှ GRADE 8၊ GRADE 9၊ GRADE-10 တို့မှ ကျောင်းသား/ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုက စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်ထားရှိခြင်းအခြေအနေများ၊ တက်ရောက်ပညာသင်ကြားနိုင်သည့်အခွင့်အလမ်းများ၊ ရရှိမည့်အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားပေးသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဆောင်းဦးဝေတို့က စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်းများတက်ရောက်ခြင်းဖြင့် ဆက်လက်ပညာသင်ကြားနိုင်သည့် ပညာရေးအခွင့်လန်းများနှင့် လူမှုစီပွားဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)