ရွှေသောင်ယံမြို့တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နည်းဥဒေနှင့်အညီ ရွေးချယ်ခန့်ထားနိုင်ရေး အဆင့်ဆင့်ရှင်းလင်းဆွေးနွေး

ရွှေသောင်ယံ  ဇန်နဝါရီ  ၂၅

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် (၉)နာရီခွဲက မြို့အုပ်ချုပ်ရေးမှူးဦးဆိုင်းနော်နော်မှ ရွှေသောင်ယံမြို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပြန်လည်ရွေးချယ်ခန့်ထားရေး လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းပြော ကြားပြီး အဆိုပါလုပ်ငန်းစဉ်အဆင့်ဆင့် ပါဝင်သော လက်ကမ်း စာစောင်များကို တက်‌ရောက်လာသူများအား ဝေငှပေးခဲ့သည်။

လက်ကမ်းစာစောင်တွင် ဥပဒေပုဒ်မ(၅)ပါရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့်အရည်အချင်းများ (၉)ချက်အပြင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာ တာဝန်ခံများရွေးချယ်မည့်လုပ်ငန်းအဆင့်ဆင့်တွင် ရွေးချယ်မည့်ရက်ကို ကြိုတင်အသိပေးဖိတ်ကြား၍ ဆယ်အိမ် စုအသီးသီးတွင် နေထိုင်ကြသော အိမ်ထောင်စုကိုယ်စားလှယ်များအနက် ဥပဒေပုဒ်မ(၅)ပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်အား ဆယ်အိမ်မှူးအဖြစ် အိမ်ထောင်စုကိုယ်စားလှယ်များက ဆန္ဒမဲပေး၍ ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ရာအိမ်စုအသီးသီးတွင် ရွေးချယ်ခံရသောဆယ်အိမ်မှူးများအနက် တစ်ဦးကို ရာအိမ်မှူးအဖြစ် သက်ဆိုင်ရာ ရာအိမ်စုအတွင်းရှိ အိမ်ထောင်စုကိုယ်စားလှယ်များက ဆန္ဒမဲပေး၍ ရွေးချယ်ရမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းတွင် ရွေးချယ်နိုင်ရေးအတွက် နေ့ရက်၊ အချိန်၊ နေရာတို့ကို သတ်မှတ်ပြီးရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအတွင်း နေထိုင်သူများအား (၇) ရက် ကြိုတင် အသိ ပေးမည်ဖြစ်ကြောင်း၊ ထို့နောက် ကြီးကြပ်ရေးအဖွဲ့မှ ပြုစုဆောင်ရွက်ထားသော အုပ်ချုပ်ရေးမှူးလောင်းများ၏ အမည်စာရင်းကို အိမ်ထောင်စုကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲပေး၍ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ရမည် ဖြစ်ကြောင်း စသည့်အချက်များ၊ ထို့ပြင် ကြီးကြပ်ရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းနှင့် ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံများအား တာဝန်ပေး အပ်ခြင်းဟူ၍ လက်ကမ်းစာစောင်တွင် ဖော်ပြထားကြောင်းသိရသည်။

ကိုကိုမောင်(ပြန်/ဆက်)