မကွေးတိုင်းဒေသကြီးအတွင်း စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် မှန်ကန်စွာရောင်းချခြင်း ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး

ကွေး ဇူလိုင် ၂၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းအပေါ်အခြေခံ၍ တိုင်းဒေသကြီးအလိုက် သယ်ယူပို့ဆောင်ခစရိတ်ပေါင်းထည့်ထားသည့် ဈေးနှုန်းများအပေါ် ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် လက်ကား/လက်လီကိုယ်စားလှယ်များမှ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ ပြည်သူများသို့ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် (လက္ကား/လက်လီ စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်နှင့် အရည်အသွေးမှန်) ဟူသည့် မှန် (၆) မှန်နှင့်အညီရောင်းချစေရေးနှင့် လက်ဝယ်တွင်သိုလှောင်၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ မရှိစေရေးတို့အတွက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ဇူလိုင်လ (၁၆) ရက်နှင့် (၁၇)ရက်က မကွေးခရိုင်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်ကား/လက်လီအရောင်းဆိုင် (၄၁)ဆိုင်၊ မင်းဘူးခရိုင်အတွင်းရှိ လက်ကား/လက်လီအရောင်းဆိုင် (၂၅)ဆိုင်၊ သရက်ခရိုင်တွင် (၁၅) ဆိုင်နှင့် ပခုက္ကူခရိုင်တွင် (၉) ဆိုင်၊ စုစုပေါင်း လက်ကား/လက်လီ အရောင်းဆိုင်(၉၀) ဆိုင်အားမြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)