ပုသိမ် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်သည် ဒီမိုကရေစီနည်းလမ်းတကျ လက်ခံကျင့်သုံးနေသော ဥပဒေများကို အာဏာသက်ရောက်မှုရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့အတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ပြည်သူတို့၏ ယုံကြည်မှုဖြင့် ရဲလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်သည် အခြေခံ အုတ်မြစ်ဖြစ်ပြီး လူ့အဖွဲ့အစည်းများအကြား ဘက်မလိုက်ဘဲ မျှတစွာဆက်ဆံခြင်းဟူသော နည်းလမ်းဖြင့် ပြည်သူများ၏ယုံကြည်မှုကို တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ ဗဟိုပြုရဲလုပ်ငန်းစနစ်ကို ကျင့်သုံးရန်အတွက် မိမိတို့ကိုယ်တိုင် ဥပဒေကို လေးစားလိုက်နာခြင်း၊ လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပြည်သူများ၏ ဘေးကင်းလုံခြုံမှုနှင့် အခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာကျင့်ဝတ်များ၏ မြင့်မားသော စံသတ်မှတ်ချက်များကို လိုက်နာခြင်း၊ မိမိဝန်ဆောင်မှုပေးသော ပြည်သူလူထုကို ကိုယ်စားပြု ခြင်း စသည့်အချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကိုပြုလုပ်ရာ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတွင် ပါဝင်သောမိတ်ဘက်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပရဟိတလူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား လူငယ်များက "ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်ကို ကျင့်သုံးရေးအတွက် ဥပဒေများကို လေးစားလိုက်နာခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပြည်သူများ၏ ဘေးကင်းလုံခြုံမှုနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ လူငယ်များ၊ ကျောင်းသားများနှင့် ကလေးသူငယ်များအကြား ယုံကြည်မှုတည်ဆောက်ခြင်း၊ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးခြင်း၊ လူငယ်များအကြား အကြမ်းဖက်မှုနှင့် လူ့အသိုင်းအဝိုင်းမှ လက်မခံနိုင်သည့် အခြားအပြုအမူများကိုဖြေရှင်းခြင်း၊ ပြည်သူလူထုကိုကိုယ်စားပြုခြင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်လာခြင်း စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ စကားဝိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)