ခန္တီးမြို့၌ စာပေချစ်မြတ်နိုးသူ(Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ခန္တီး     ဇူလိုင်  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတွင် အတွေးအခေါ်မြင့်မားလာစေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုရမည့် အလေ့အကျင့်ကောင်းများရရှိ လာစေရန်၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် လူငယ်ချင်းအတွေးအခေါ်များနှီးနှောဖလှယ်ခြင်းမှ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ (Youth Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဒေါက်တာကျော်စိန်  ရေးသားထားသည့် လူငယ်လမ်းညွှန် စာအုပ်မှ "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့် ဉီးဆောင်ဆွေးနွေးခဲ့ပြီး မောင်ချူလှိုင်က "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မတွန်းကားက "လူငယ်နှင့်ဘာသာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ(Youth Club)အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ် အလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကမ်းကီး(ပြန်/ဆက်)