ကျွန်းစု ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာတွင် ထောက်ပံ့ငွေ မရရှိခဲ့သော အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ပြန်လည်ထောက်ပံ့ရန် ခွင့်ပြုခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စု(၅)စုရှိ အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု(၁၄၀၁)စု အတွက် ငွေကျပ်(၂၈၀)သိန်း(၂)သောင်းကို မြို့နယ်ကျွန်းရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ပေးရာတွင် သက်ဆိုင်ရာ အိမ်ထောင်စုများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရန်နှင့် ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်လင်းပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု(၅)စုရှိ အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု(၁၄၀၁)စုအတွက် ငွေကျပ်(၂၈၀)သိန်း (၂)သောင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းမှတစ်ဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့နှင့်အတူ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုး အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းကျော်စော(ပြန်/ဆက်)