သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့မှ “ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း” အခမ်းအနား ကျင်းပပြုလုပ်

သာပေါင်း ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့မှ “ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်း တင်ပြခြင်း” အခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊(OSS)ရုံးခန်း၌ ကျင်းပပြုလုပ်ကြသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းက အဖွင့်အမှာစကားပြောကြားပြီး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးယဉ်ထွေးမှ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်ဆိုသည်မှာ ပြည်သူလူထုဘဝလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေး၊ ဝမ်းစာရှာမှီးစားသောက်နိုင်ရေးနှင့် ကောင်းကျိုးသုခရရှိရေးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒီမိုကရေစီရဲလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသော ရဲလုပ်ငန်းများကိုလေ့လာပြီး မိမိနိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် ရဲလုပ်ငန်းစနစ်သို့ပြောင်းလဲရန်၊ ထိန်းချုပ်ရေးကိုရှေးရှုသောချဉ်းကပ်မှုမှ ဝန်ဆောင်မှုကိုရှေးရှုသော ချဉ်းကပ်မှုသို့ ပြောင်းလဲရန် ကြိုတင်ကာကွယ် မှုများကိုအခြေခံကာ ပြည်သူလူထုဗဟိုပြုသော ရဲလုပ်ငန်းစနစ်၊ ဝန်ဆောင်မှုပေးသောရဲ လုပ်ငန်းစနစ်ကို ဖော်ဆောင်၍ လူ့အဖွဲ့အစည်းအတွင်းရှိ အခက်အခဲ ပြဿနာများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဥပဒေကိုလေးစား လိုက်နာသော ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့တို့ကြား ပူးပေါင်းလုပ်ဆောင်မှုစနစ်ဖြစ်ပါကြောင်း ပရိုဂျက်တာဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြား ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ပြည်သူကိုဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်းအထည်ဖော်ရွက်ရေးတွင် ပါဝင်သော မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ စကားဝိုင်းပုံစံဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်