ကျုံပျော်မြို့၌ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲပြုလုပ်

ကျုံပျော် ဇူလိုင် ၂၁

ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝအေးချမ်းလုံခြုံရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးပွဲကို ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ဇူလိုင် ၂၀ ရက် နံနက်  ၉  နာရီက ပြုလုပ်သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လွင်မှ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်အ‌ကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပက်သက်၍ Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်နှင့်အဖွဲ့ဝင်များမှ တက်ရောက်လာသူများထံသို့ မှုခင်းအသိပညာပေး လက်ကမ်းစာ‌စောင်ဝေပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့များက ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်အ‌ကောင် အထည်ဖော်ဆောင်ရွက်မှုနှင့်ပက်သက်၍ စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြိုင်၊ ဦးထွန်းထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌‌ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချိုနိုင်ဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်‌‌ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)