ဟိုင်းကြီးကျွန်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရာဇဝတ်မှုခင်းများဖြစ်ပွားနှုန်း နည်းပါးကာ ပြည်သူများတရားဥပဒေစိုးမိုးမှု၏ အနှစ်သာရကိုသိရှိစေရန်ရည်ရွယ်၍ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်မှု သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၀၉း၀၀) နာရီအချိန်က ကံချိုင်ကျေးရွာ၊ ဆိုင်ကလုန်းရှယ်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံမှ တည်ငြိမ်အေးချမ်းသောဒေသသည် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှသာ ဒေသခံများ၏ လူမှုစီးပွားဘဝ ပိုပိုအဆင်ပြေမြင့်မားလာမည်ဖြစ်ပါကြောင်းနှင့် ရာဇဝတ်မှုခင်းများ ဖြစ်ပွားမှုမရှိစေရန်အတွက် ဒေသခံပြည်သူများမှလည်း တစ်ဦးနှင့်တစ်ဦး အချင်းချင်း ထိန်းကျောင်းပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဟိုင်းကြီးကျွန်းမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ်ချစ်ပြုံးထက်က မိမိတို့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ရာဇဝတ်မှုခင်းများ ကျဆင်းလာစေရန်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ပေးကြစေလိုကြောင်း၊ ဒေသအတွင်း၌ မူးယစ်ဆေးဝါးနှင့် လောင်းကစားများ လွှမ်းမိုးမှုမရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မှုခင်းဖြစ်ပွားမှုနည်းပါးကာ ပြည်သူမှအစိုးရအား ပိုမိုယုံကြည်အားကိုးလာစေရန် ရည်ရွယ်၍ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဒေသခံများ၏ သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်