မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို သဲဖြူ-မဟာမြိုင်တောရဆရာတော်ကြီး၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ တက်ရောက်

မြို့သစ် ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ ဆည်လည်ကျေးရွာအုပ်စု၊ ကနီကျေးရွာ(ကိုးတောင်ပြည့်စေတီ)သို့ရောက်ရှိကာ သဲဖြူ-မဟာမြိုင်-ချောင်းဖျားဆရာတော် သီရိပျံချီ ဒေါက်တာ ဘဒ္ဒန္တပညာဇောတ အမှူးထား၍ အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တက်ရောက်ခဲ့သည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူကာ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များဖြင့်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား   ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္တုအစုစုတို့အား ဆက်ကပ်လှူဒါန်းပြီး သဲဖြူ-မဟာမြိုင်တောရဆရာတော်ကြီးက တက်ရောက်လာသည့်ပရိတ်သတ်အပေါင်းတို့အား တရားတော်များချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက်   ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။ ယင်းနောက် သဲဖြူ-မဟာမြိုင်တောရဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မြို့သစ်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့မှ ကျောင်းသား/ကျောင်းသူများအား တစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ်တစ်ဒါဇင်နှင့် ငွေကျပ်(၁၀၀၀၀/-)တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)