ကျုံပျော်တွင် တိရစ္ဆာန်မှ လူသို့ကူးစက်သောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခွေးရူးရောဂါကာကွယ် ဆေးများ အခမဲ့ထိုးနှံ

ကျုံပျော်  ဇန်နဝါရီ  ၂၅

တိရစ္ဆာန်မှ လူသို့ကူးစက်သော ရောဂါများအား ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ဦးဆောင်ကာ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းကို ဇန်နဝါရီလ စတုတ္ထပတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိရစ္ဆာန်များတွင်ဖြစ်သော အချို့ရောဂါများသည် လူသို့ကူးစက်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်‌ကြောင်း၊ ဥပမာ ကြက်ငှက်တုပ်ကွေးရောဂါ၊ ခွေရူးရောဂါ စသည်တို့ဖြစ်‌ကြောင်း၊ ထိုအထဲတွင် ခွေးရူးရောဂါသည် ကာကွယ်ဆေး ရှိသည့်အတွက် တိရိစ္ဆာန်မှတဆင့် လူသို့မကူးစက်နိုင်အောင် ယခုလို ကြိုတင် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဆွေမူဟန် ထံမှသိရသည်။

ထိုးနှံရာတွင် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ချထားပေးသော ကာကွယ်ဆေး အလုံး(၃၀)ကို မန်းစက္ကူနှင့် သရက်တော ကျေးရွာများရှိ အိမ်မွေးခွေးများသို့ လိုက်လံထိုးနှံပေးခဲ့ကြောင်း၊ မိမိတို့၏ အိမ်မွေး တိရစ္ဆာန်များကို ကာကွယ် ဆေးများ ပုံမှန်ထိုးနှံခြင်း၊ ခွေးရူးရောဂါဖြစ်ပွားသော ခွေများတွေ့ရှိပါကလည်း သက်ဆိုင်ရာသို့ အမြန်အကြောင်းကြား ပေးခြင်းဖြင့် ခွေးရူးရောဂါကို ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်းဖြင့် သိရသည်။

နေဝင်းမြင့်(ကျုံပျော်)