ထန်ပါခွေမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ထန်ပါခွေ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရေးအဖွဲ့ဝင် ဦးမျိုးကိုကိုဇင်နှင့် ဦးပါကျူတို့က ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ ပါ  ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားခြင်းဆိုင်ရာ အသိပညာပေး အချက်အလက်များကို ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူး အဆင့်ဆင့်ရွေးချယ်ခြင်း၊ ရွေးချယ်ခံရသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူး အမည် စာရင်းနှင့် အချက်အလက်များစုစည်းခြင်း ပြန်လည်စီစစ်ခြင်းနှင့် အထက်အဆင့်ဆင့်သို့တင်ပြခြင်း၊ အတည်ပြုခန့်ထားခြင်း၊ အရန်ချိန်နှင့် စတင်တာဝန်ထမ်းဆောင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလမှ မတ်လကုန် အထိ အပတ်စဉ်အလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဟန်ထွန်း(အင်းဝ)