ကြံခင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မြောင်ကြီး၌ လူငယ်စကားဝိုင်းကျင်းပ

ကြံခင်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ မြောင်ကြီးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြောင်ကြီး အစည်းအဝေးခန်းမ၌ လူငယ် စကားဝိုင်းကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခုံကြီးအုပ်ချုပ်ရေးမှား ဦးသန်းဆွေဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ​မြို့နယ်ဦစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည်တိုးတက်လာစေရန် အနာဂတ်၏ သားကောင်းရတနာများ ပေါ်ထွက်လာစေရန်နှင့် ဗလငါးတန်ပြည့်စုံလာစေရန်စသည့် ရည်ရွယ်ချက်များစွာဖြင့် လူငယ် စကားဝိုင်းကျင်းပရခြင်း​ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦစီးမှူး ဒေါ်ခင်မိုး​မြင့် ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ် ဆောင်ရွက်ပြီး မောင်စွမ်းဇာဖြူ (Grade-11) က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနွေးယုယငယ် (Grade-10)က “လူငယ်နှင့်စာဖတ်ခြင်း”၊ မောင်သန့်စည်သူ (Grade-9) က “လူငယ်နှင့်မူးယစ်ဆေး”၊ မကေသီလင်း (Grade-8)က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြ​ပြီးနောက် ဆွေးနွေးမှုများအပေါ် ကျောင်းအုပ်ဆရာကြီးက သုံးသပ်ဆွေးနွေးပြောကြားပေးသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက်ဆွေးနွေးကြသူများကပြန်လည်ဖြေကြားကြပြီး၊ ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ် ဆရာကြီးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ကြသည်။ ထို့နောက် အ.ထ.က(ခွဲ) မြောင်ကြီးကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လွင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသ ထားသည့် သုတရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်လူရန်စွယ်၊ စွန့်ပစ် အမှိုက်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)