ပုသိမ် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန သွားနှင့် ခံတွင်း ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဇူလိုင်လ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုနှင့်သက်ကြီးဘိုးဘွားများ အံကပ်တပ်ဆင်ခြင်းများ အဆိုပါဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဇူလိုင် (၁၆) ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အံကပ်များလာရောက်တပ်ဆင်သည့် သက်ကြီးဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများပြောကြားပြီး အံကပ်များတပ်ဆင်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသရန်စောင့်ဆိုင်းနေသည့်လူနာများနှင့် ခွဲစိတ်ကုသပြီးလူနာများအား လိုက်လံကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကာ အထူးကုဆရာဝန်ကြီးများအား ဒေသထွက်အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)