ပုသိမ် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သူနာပြုသိပ္ပံ(ပုသိမ်)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတမှ ဖွင့်လှစ်သည့် သူနာပြုသိပ္ပံ (နေပြည်တော်) Digital opening ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သူနာပြုသိပ္ပံ (ပုသိမ်) မှ သင်တန်းသား၊ သင်တန်းသူများက Virtual ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ် ၁၅ ခုတွင် သူနာပြုသိပ္ပံများအားလုံးကို တစ်ပြိုင်နက်ဖွင့်လှစ်သည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည်နှင့်အမျှ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော၊ မျိုးချစ်စိတ်ဓာတ်ပြည့်ဝသော နိုင်ငံ့အကျိုးပြု သူနာပြုကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ကလည်း အဘက်ဘက်က ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့်အချိန်၌ မိမိတို့သူနာပြုသိပ္ပံများကလည်း ရရှိလာသည့်အခွင့်အရေးကို ပြည့်ပြည့်ဝဝအကျိုးရှိရှိအသုံးချပြီး ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ သူနာပြုသိပ္ပံ(ပုသိမ်) ၏ လက်ရှိကောင်းမွန်သည့်အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် ယခုလိုစိတ်ထား ကောင်းသော၊ ကိုယ်ကျိုးမကြည့်သော သူနာပြုဆရာ/ ဆရာမကောင်းများ၊ အများကလေးစား အတုယူရသည့် သူနာပြု-သားဖွား ဆရာမကောင်းများကို ဂုဏ်ယူစွာဆက်လက်မွေးထုတ်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ သူနာပြု-သားဖွား ဆရာမများ၏ကဏ္ဍသည် အရေးကြီးသည့်အတွက် သင်တန်းသား/သူ ဘဝကတည်းက မိမိတို့သူနာပြုလုပ်ငန်းကို တန်ဖိုးထားဂုဏ်ယူတတ်စေရန်၊ ကိုယ်တိုင်အရည်အသွေးပြည့်မီစေရန်၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်ထူးချွန်အောင် သင်ယူကြရန် လိုပါကြောင်း” ပြောကြားသည်။
ထို့နောက် သူနာပြုသိပ္ပံ(ပုသိမ်)မှ ဒုတိယကျောင်းအုပ်ကြီးကကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆိုင်းဘုတ်နှင့်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာဉ်မတော်တဆဖြစ်မှုကြောင့် ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအား သွားရောက်ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)